တိုက်ပွဲဦးဆောင်သူများ၏ အရည်အချင်းညံ့ဖျင်းမှုကြောင့် ၎င်း၏တပ်သားများ သေဆုံးမှု များပြားနေခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားနေခြင်းမှာ တိုက်ပွဲဦးဆောင်သူများ၏ အရည်အချင်းညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လအတွင်းက ပြုလုပ်သည့် စစ်တပ်၏ လေးလပတ် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေး မှတ်တမ်းကို CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ပန်းတိုင် အဖွဲ့က ထုတ်ဖော်ခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် နှင့် ဧပြီ လေးလပတ် ကာလနှင့် မေလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များတွင် ထိခိုက်ကျဆုံးမှုများပြားသည့် ဖြစ်စဉ်များရှိကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
အဆိုပါ ထိခိုက် ကျဆုံးမှုများကို ပြန်ကြည့်ပါက ရန်သူအင်အား များပြားခြင်းလား၊ တပ်၏ အားနည်းခြင်းလားဆိုသည်ကို စဉ်းစားသုံးသပ်ခဲ့ပြီး တပ်၏ အားနည်းချက်ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ပထမအချက်မှာ နေရာချထားမှု မမှန်ကန်ခြင်း၊ ဒုတိယအချက်မှာ ချီတက်ရှင်းလင်းမှု မမှန်ကန်ခြင်းနှင့် တတိယအချက်မှာ တပ်တည် လိမ်လည်တင်ပြခြင်းများကြောင့် ဖြစ်ကြောင်း နှင့် နောက်ဆုံးအချက်မှာ သင်ကြားပေးထားသည့် စစ်ပညာများကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တိုက်စစ်ဖြစ်စေ၊ ခံစစ်ဖြစ်စေ တပ်နေရာချထားမှုနှင့်တပ်ဖြန့်ခွဲမှုကို စနစ်တကျ မလုပ်ဆောင်သည့်အတွက် ဆုံးရှုံးမှုများပြားလာသည်ကိုတွေ့ရပြီး လုပ်ရဲကိုင်ရဲသည့် သတ္တိမရှိဘဲ ကြောက်ရွံ့ကာ အမိန့်နာခံမှု မရှိသည့်ဖြစ်စဉ်များလည်း တွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တိုက်ပွဲများတွင် ဦးဆောင်သူ၏ အားနည်းချက်များကို အများကြီးတွေ့ရှိရပြီး ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ဘာကြောင့်အားနည်းချက် ဖြစ်ရသည်ကို ပြန်စဉ်းစားကြည့်ရာတွင် အရေအတွက်များများ မွေးထုတ်ပေးခဲ့သည့် ပြဿနာဖြစ် သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ထို့ပြင် တစ်ဖက်မှ ဒရုန်းများဖြင့် ဗုံးကြဲချခြင်း၊ ဒရုန်းဖြင့် ကင်းထောက်၍ မည်သည့် နေရာတွင် မည်သူရှိသည်ဆိုသည်ကို ချိတ်ဆက် ဆက်သွယ်အကြောင်း ကြားမှုများ လုပ်ဆောင်လာ၍ တချို့အကြောင်းအရာများကို ကြားဖြတ်ဖမ်းယူ မရရှိသည့် အတွက် ဆုံးရှုံးမှုများ လာကြောင်း ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိအနေအထားတွင် ရန်သူ့ဌာနချုပ်များ၏ ဘာတစ်ခုမျှ မိမိတို့ ထိုးစစ်ဆင်ခြင်း မလုပ်ခဲ့သည်မှာ NCA လက်မှတ်ထိုးထားသည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ မိမိတို့ တပ်စခန်းသို့ လာရောက်တိုက်ခိုက်ပါက တန်ပြန် တိုက်ခိုက်ရသည်များရှိကြောင်း၊ သတ်မှတ်နယ်မြေကျော်လွန်ကာ ဝင်ရောက်လှုပ်ရှားသည့် အဖွဲ့အစည်းများကိုလည်း တိုက်ခိုက်ရသည်များရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
စစ်ဆင်ရေး အောင်မြင်လိုလျှင် "ထု" ဖြင့် စစ်ဆင်ခြင်းကို မမေ့ရန် ၊ "ထု" ဖြင့် စစ်ဆင်ခြင်းမှာ အင်အားထု၊ ပစ်အားထု၊ အချိန်ထုများဖြစ်ပြီး မိမိတို့နှင့်သက်ဆိုင်သော အင်အားထုဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်စဉ်များကို ကြည့်လျှင် ရန်သူက အင်အားစုဖွဲ့ပြီး တိုက်ခိုက်ခြင်းဖြစ်ကာ ပြောက်ကျားစနစ်နည်းဗျူဟာကို သမားရိုးကျစစ်ဗျူဟာနှင့် ပေါင်း၍ ကျင့်သုံးသွားခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တိုက်ပွဲ ဖြစ်စဉ်များတွင် ကျည်သုံးစွဲမှုများလာသည်ကိုတွေ့ရပြီး ကျည်ထွက် ပြီးရောဆိုသည့် သဘော ဖြင့်ပစ်ခတ်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်၏ လေးလပတ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် အထိနာလျက်ရှိပြီး လေကြောင်းပစ်ခတ်မှုကိုသာ အားကိုး အသုံးပြု နေရသည်။
Mizzima မှ ကူးယူဖော်ပြတည်
.png)
Comments
Post a Comment